5/29/2552

ရှည်လျားသော ထမ့်စန်း သဘာဝ လှိုဏ်ဂူ





မြန်မာ့ ထူးခြားအံ့ဖွယ် ဟိုပုံးမြို့အနီးက အလွန်ကြီးမား
ရှည်လျားသော ထမ့်စန်း သဘာဝ လှိုဏ်ဂူတော်ကြီးတွင်
သာသနာပိုင်း ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများစတင်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၏ အရှေ့ဘက်
ဟိုပုံးမြို အနီးတွင်ရှိသော ထမ့်စန်း သဘာဝလိုဏ်ဂူတော်ကြီးတွင်
ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာ တည်တံ့ပြန့်ပွားရေး
အတွက် သာသနာပိုင်းဆိုင်ရာ တည်ဆောက်ရေး
လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများအား
ဟိုပုံး ကိုရင်လေး အရှင်ပေါရိဿမှ
ဦးဆောင်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏
အင်အားဖြင့် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
စတင်ပန္နက် တင်ခဲ့သည်ဟုသိရသည်။ ဟိုပုံး ကိုရင်လေး၏
ပြောကြားချက် အရ အဆိုပါ လိုဏ်ဂူတော်ကြီးများသည်
ကျောက်စာဂူ၊ ဘုရားလိုဏ်ဂူ၊ ဂမ္ဘီရဂူ ဟူ၍ တြိဂံပုံစံဖြင့်
လိုဏ်ဂူတော်ကြီး (၃)ခု ရှိသည်။
ဘုရား လိုဏ်ဂူတော်ကြီး အတွင်းတွင် အံ့မခမ်းဖွယ်ရာ
သဘာဝ ကျောက်စက် ပန်းဆွဲများ၊ စမ်းချောင်းများ
အပြင် ဂူ(၂)ဆင့် (၃)ဆင့်ရှိပြီး သဘာဝ ငွေထီးတော်၊
ကျောက်ယပ်တောင်၊ သဘာဝတံခါး၊ ပြတင်းများ
ထူးခြား အံ့ဖွယ် ရှိနေပါသည်။
ဂူအတွင်းပိုင်း ပေ(၄၂ဝဝ)တွင် ရှိသော ပတ္တမြား
အရောင်အဆင်း ရှိနေသော ပတ္တမြားဂူ
အထိသာ ဝင်ရောက်ခဲ့ခြင်း ရှိသေးသည်ဟု သိရှိရသည်။
အဆိုပါ လိုဏ်ဂူသည် မည်မျှရှည်လျားသည်ကို
ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဟိုပုံး ကိုရင်လေးမှ
လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ မိန့်ကြားပါသည်။
ယခုအချိန်တွင် ပထမအဆင့် အနေဖြင့်
ပေ(၄ဝဝ)ကျော် အထိသာ သာသနာပိုင်းဆိုင်ရာ
တည်ဆောက်ရေးများကို စတင်နိုင်သေးကြောင်း
သိရှိရသည်။ ဂမ္ဘီရဂူ အတွင်းတွင်လည်း ရှေးဟောင်း ဂမ္ဘီရ
ပစ္စည်းများ, များစွာ ရှိနေကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဟိုပုံး ကိုရင်လေးမှ ''ကိုရင်လေး
(၉)နှစ်သားကတည်းက ဒီလိုဏ်ဂူတွေကို စပြီးတွေ့ရှိခဲ့တာပါ။
အဲဒီမှာ အစောင့်အရှောက် တအား များတယ်။
ဒီကနေ့ အချိန်တန်တော့မှ ဖော်ဆောင် ရတော့တာ၊
ဒီနေရာက ဂူထဲမှာ ကိုရင်လေး တရားကျင့်ခဲ့တယ်။
အဲဒီအချိန်က ဒီနေရာမှာ လူဆိုး၊ နတ်ဆိုးတွေ
အရမ်းများတယ်။ အခုတော့ အားလုံး အေးချမ်းသွားပြီ
ဟု မိန့်ကြားပါသည်။ ဟိုပုံး ကိုရင်လေးသည်
ဘုရားပေါင်း ရာနှင့်ချီ၍ ပြုပြင် ထိမ်းသိမ်းကာ သာသနာပြု
ခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။ ထမ့်စန်း
လိုဏ်ဂူတော်ကြီးတွင် ရပ်နီးရပ်ဝေးမှ
လူပေါင်း ရာနှင့်ချီ၍ လုပ်အား ကုသိုလ်ပြုလျက်
ရှိကြသည်။ ဟိုပုံး ကိုရင်လေးမှ ကိုရင်လေး
ကျောင်းတိုက်သို့ လည်းကောင်း၊ ဘုရားသို့ လည်းကောင်း၊
လိုဏ်ဂူတော်ကြီးသို့ လည်းကောင်း၊ လာရောက်
ကြကုန်သော ဘုရားဖူးနှင့် လုပ်အား
ကုသိုလ်ရှင် ရာနှင့်ချီပြီး နေ့စဉ် (၂၄) နာရီ
သားသတ်လွတ် ထမင်းကျွေးလျက်
ရှိသည်ကို တွေ့ရသည်။ ဟိုပုံး ကိုရင်လေး
ကျောင်းတိုက်သည် ဟိုပုံးမြို့၏ အရှေ့ဘက်
(၅)မိုင်ခန့် အကွာတွင် တည်ရှိပြီး ထမ့်စန်း
လိုဏ်ဂူတော်ကြီးသည် တောင်ကြီးမြို့၏
အရှေ့ဘက်(၂၅)မိုင်ခန့် အကွာ တာချီလိတ်သို့
သွားရာ လမ်းမကြီး နံဘေးတွင်တည်ရှိသည်။

သတင်း-သံလျက် ဓါတ်ပုံ-ဇင်မင်းဆွေ


0 comments:

แสดงความคิดเห็น